|
ဦးတေဇကုမ္ပဏီ FTTx ရောင်းချခွင့်ရပြီ |
|
Written by Administrator
|
|
Wednesday, 25 August 2010 |
|

ဦးတေဇပိုင် E-Lite ကုမ္ပဏီက ဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို အများပြည်သူသို့ ရောင်းချခွင့် ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော်၏ အထူး ခွင့်ပြုချက်ဖြင့် ဦးတေဇ ကုမ္ပဏီက ရန်ကုန်တွင် အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဖြင့် အွန်လိုင်း ၀န်ဆောင်မှုစနစ် (FTTx) ကို ရောင်းချခွင့် ရရှိခြင်း ဖြစ်ပြီး မန္တလေးတွင် Red Link ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီတို့က ရောင်းချခွင့် ရရှိထားသည်ဟု သိရသည်။
“ရန်ကုန်မှာ FTTx ရောင်းပေးဖို့ အတွက် လောလောဆယ်တော့ ပြင်ဆင်စရာ ရှိတာတွေ ပြင်နေပါတယ်။ မကြာခင် အများပြည်သူကို ရောင်းပေး တော့မယ်” ဟု E- Lite ကုမ္ပဏီမှ ၀န်ထမ်းတဦးက ပြောသည်။
FTTx စနစ်ကို မိမိနေထိုင်ရာ နေအိမ်တွင် တပ်ဆင်လိုက်ပါက မြန်နှုန်းမြင့် အင်တာနက် လိုင်းတလိုင်း အသုံးပြုနိုင်ပြီး ရုပ်ရှင်၊ အားကစား၊ ဂီတ၊ သတင်း အပါအ၀င် ရုပ်မြင်သံကြားလိုင်းများ ကြည့်ရှုနိုင်ကာ တယ်လီဖုန်းလိုင်းတလိုင်းလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ရုပ်မြင်သံကြားလိုင်းမှာက အခပေးရုပ်သံလိုင်းတွေ၊ အခမဲ့ ရုပ်သံလိုင်းတွေ ပါမယ်။ အင်တာနက်မြန်နှုန်းက 30 Mbps ရှိတော့ အခုလက်ရှိသုံးနေတဲ့ အင်တာနက် လိုင်းထက် အများကြီး ပိုမြန်သွားမယ်။ တယ်လီဖုန်းက အပြင်မှာ ငွေသိန်း ၂၀ လောက် ဈေးပေးဝယ်နေရတဲ့ ကြိုးဖုန်းလိုမျိုးပဲ။ အသံကြည်တယ်၊ ပြတ်သားတယ်” ဟု ကုမ္ပဏီဝန်ထမ်းက ရှင်းပြသည်။
E-Lite ကုမ္ပဏီက ရောင်းချမည့် အွန်လိုင်းဝန်ဆောင်မှုစနစ်အတွက် ဈေးနှုန်းမသတ်မှတ်ရ သေးသော်လည်း Red Link ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီတို့က တပ်ဆင်ခ ကျပ် ၉ သိန်း၊ အသုံးပြုမှုအပေါ်မူတည်ပြီး လစဉ် အသုံးပြုခ ကျပ် ၃ သောင်းမှ ၁ သိန်းအထိ ကြိုတင်ငွေပေးချေစနစ်ဖြင့် အသုံးပြုရမည်ဟု သြဂုတ်လ ၂၁ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင် ဖော်ပြပါရှိသည်။
မန္တလေးတွင် Red Link ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီတို့က ဖိုက်ဘာဆက်ကြောင်း အွန်လိုင်း ၀န်ဆောင်မှု စနစ်ဖြင့် အင်တာနက်လိုင်းပေါင်း ၆၀၀၀ ရောင်းချမည်ဖြစ်ပြီး မန္တလေး ၇၈ လမ်းအရှေ့ဘက်ခြမ်းရှိ မြို့နယ်များကို Red Link က လည်းကောင်း၊ အနောက် ဘက်ခြမ်းမြို့နယ်များကို Fortune International ကလည်းကောင်း ရောင်းချမည်ဟု သိရသည်။
အဆိုပါ ဝန်ဆောင်မှု မိတ်ဆက်ခြင်းအနေနှင့် ရန်ကုန် တပ်မတော်ပြခန်းတွင် သြဂုတ် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သော အိုင်တီနှင့် ကား အရောင်းပြပွဲတွင် ပြုလုပ်ခဲ့သည်။ ၎င်း ပြပွဲတွင် အိုင်တီကုမ္ပဏီနှင့် ကား ကုမ္ပဏီ စုစုပေါင်း ၄၀ ခန့် ပါဝင်ပြသခဲ့သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးမှု အားနည်းနေသေးကြောင်း၊ နိုင်ငံရေး မတည်ငြိမ်သည်ကို အကြောင်းပြ၍ အင်တာနက် အဆက်အသွယ်များ ဖြတ်တောက်ခြင်းသည် အွန်လိုင်း ၀န်ဆောင်မှု လုပ်ငန်းများ မဖွံ့ဖြိုးရခြင်း၏ အကြောင်းရင်းတရပ် ဖြစ်ကြောင်း အိုင်တီပညာရှင်တဦးက သုံးသပ်သည်။
“ဘယ်သူတွေပဲလုပ်လုပ် အွန်လိုင်းနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးလာတာကို ကြိုဆိုတယ်။ တဦးနဲ့တဦး အပြိုင်အဆိုင် ရောင်းကြရင်းနဲ့ ဈေးပေါလာမယ်။ လူတိုင်းသုံးနိုင်လာတဲ့ အဆင့်အထိ ရောက်စေချင်တယ်” ဟု ၎င်းကပြောသည်။
ဦးတေဇ၏ E – Lite ကုမ္ပဏီသည် ဖိုက်ဘာဆက်ကြောင်း အွန်လိုင်းဝန်ဆောင်မှုအပြင် အိုင်တီ နည်းပညာ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဖုန်းဟန်းဆက်များ ထုတ်လုပ်တင်သွင်း ရောင်းချခြင်း၊ ကျပ် ၅ သိန်းတန် CDMA ဖုန်းလိုင်းများရောင်းချခြင်း၊ ငါးသိန်းတန်ဖုန်း ငွေဖြည့်သွင်းကတ်များ ဖြန့်ချိ ရောင်းချခြင်း လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဦးတေဇကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဟု အများက သတ်မှတ်ထားပြီး နိုင်ငံ၏အဓိက စီးပွားရေး လုပ်ငန်းကြီးများဖြစ်သော ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ခွင့် ရရှိထားသူလည်း ဖြစ်သည်။
၎င်းသည် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ခံရသူများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သူဖြစ်သည်။ Source : Irrawaddy |
|
|
သီတဂူဆရာတော် ဦးဥာဏိဿရ အင်းစိန်ထောင်တွင်း အလှူ.... |
|
Written by Administrator
|
|
Monday, 23 August 2010 |
|

ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် သီတဂူဆရာတော် ဦးဥာဏိဿရသည် မြန်မာပြည်၏ အရက်စက် အဆိုးဝါးဆုံး ထောင်များထဲမှ တခုဖြစ်သော ရန်ကုန် အင်းစိန် ထောင်ထဲသို့ ကြွရောက်ခဲ့ပြီး အကျဉ်းကျခံနေရသော ထောင်သားများအား ဗုဒ္ဓ၏ တရားတော်များကို ဆုံးမဟောကြားခဲ့သည်။ ပြီးနောက် ထောင်ကျ အကျဉ်းသားများအား သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ တဘတ်၊ စောင်အစရှိသည့် လှုဖွယ်ပစ္စည်း( ၉ ) မျိုးကို သဒ္ဒါတရား ထက်သန်စွာ လှုဒါန်းခဲ့ပါသည်။ ထောင်ကျ အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာစေရန် အလို့ငှာ ဆရာတော်မှ နအဖ စစ်အစိုးရလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများသို့ လက်ရှိအကျဉ်းကျနေသာ အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ရက်(၁၀၀၀) အလှုခံခဲ့ရာ ၄င်းတို့မှ ရက် (၁၀၀)သာ ပေးလှုခဲ့ကြောင်းသိရပါသည်။ ရန်ကုန် အင်းစိန်ထောင်ထဲတွင် အကျဉ်းကျခံနေရသူများမှာ အရေအတွက်လွန်စွာ များလှပါကြောင်း ဆရာတော် မိန့်ကြားခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ရက်များအတွင်း ရန်ကုန်မြို့ အတွင်း မသင်္ကာသည်ဟု ပြောဆိုကာ ချုပ်နှောင် ထားသူများ၊ များစွာပါရှိနေကြောင်း ဆရာတော်မှ ထပ်မံ မိန့်ကြားခဲ့ပါသည် ဟု သတင်း ရရှိပါသည်။
လေးစားဦးညွှတ်လျှက် BP |
|
|